ခေတ်သစ်ကမ္ဘာမှာ အကြီးမားဆုံး ကျန်းမာရေး ပြဿနာ တစ်ခုကတော့ အိပ်ရေးပျက်ခြင်းဖြစ်ပါတယ်။ ညဘက်မှာ အိပ်ပျော်ဖို့ ခက်ခဲနိုင်သလို မနက်ခင်းအထိ ဆက်လက် အိပ်ပျော်နေဖို့က ပိုလို့တောင် ခက်ခဲပါတယ်။ အဲဒီအခါ ပင်ပန်းပြီး အားအင်ကုန်ခမ်းကာ စိတ်ဖိစီးစေပါတယ်။ ပိုဆိုးတာက အိပ်ပျော်ဖို့ ပိုမိုခက်ခဲစေတဲ့ အိပ်စက်မှု အလေ့အထဆိုးတွေကိုပါ ပြုလုပ်မိစေပါတယ်။
ကံကောင်းတာက ဒီအကျင့်ဆိုးတွေကို ဖျောက်ပစ်လို့ မရဘူးတော့ မဟုတ်ပါဘူး။ ကောင်းကောင်း အိပ်စက် အနားယူနိုင်အောင် နည်းလမ်းအဆင့်ဆင့် ရှိနေပါတယ်။ လိုအပ်သလောက် အိပ်မပျော်ဘူးလို့ ခံစားရရင်တော့ တစ်နေ့တာ ရှစ်နာရီ အိပ်စက်နိုင်အောင် လမ်းညွှန်ချက်နဲ့ လျှို့ဝှက်ချက်အချို့ကို ပြောပြလိုပါတယ်။
အိပ်ရာကနိုးပြီး မျက်လုံးကြောင်နေတယ်လို့ သင့်ဉီးနှောက်ကို အချက်ပြမိတဲ့ အကြီးမားဆုံး လက္ခဏာတစ်ခုက တောက်ပတဲ့ မီးရောင်ဖြစ်ပါတယ်။ မီးအားလုံးပိတ်ပြီး လိုက်ကာတွေ ချထားနိုင်ပေမယ့် မအိပ်ခင် ဖုန်းအသုံးပြုထားရင်တော့ ထိရောက်မှာ မဟုတ်ပါဘူး။
ဒါက ဖန်သားပြင် စခရင်ပါတဲ့ စက်ကိရိယာ အားလုံးနဲ့ ဆိုင်ပါတယ်။ အဲဒါတွေကနေ ထွက်ရှိတဲ့ အလင်းရောင်က သင့်ဉီးနှောက်ကို နိုးကြားစေတဲ့ အချက်ပြမှုတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အိပ်စက်ဖို့ ခက်ခဲနေပါလိမ့်မယ်။ မအိပ်မီ တစ်နာရီအလိုမှာ ဖုန်း၊ လက်ပ်တော့၊ ရုပ်မြင်သံကြားတို့ကို ပိတ်ထားပါ။ အဲဒီအခါ အိပ်စက်ဖို့ အများကြီး ပိုမိုလွယ်ကူလာပါလိမ့်မယ်။
ညဘက် အကောင်းဆုံး အိပ်စက်လိုရင် အိပ်ချိန်နဲ့ အရမ်းကပ်ပြီး အရက်သေစာ မသောက်ဘဲနေကြည့်ပါ။ အရက်ဟာ အိပ်ပျော်စေနိုင်ပေမယ့် အိပ်ကောင်းခြင်း မအိပ်ရနိုင်ပါ။ ညသန်းခေါင်ကျော်မှာ အာနိသင် ပျောက်သွားတာနဲ့ လန့်နိုးလာဖို့ များပါတယ်။
တခြားဖျော်ရည်တွေအတွက်လည်း ထိုနည်းလည်းကောင်း ဖြစ်ပါတယ်။ ကဖင်းပါတဲ့ အရည်တစ်ခုခုမှာ မသင့်တော်ပါ။ အဲဒီအထဲမှာ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ဆိုဒါပါတဲ့ အချိုရည်များစွာ ပါဝင်ပါတယ်။ ညဘက်နွေးထွေးအောင် ချောကလက်ဖျော်ရည်အပူ တစ်ခွက်ကိုတောင် မသောက်သင့်ပါဘူး။ အချိုဓာတ်တွေက သင့်ခန္ဓာကိုယ် အတွက် စွမ်းအင်အများကြီးပေးပြီး အိပ်နေတုန်းမှာ အဲဒီစွမ်းအင်တွေ မလိုအပ်ပါဘူး။ ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ ရေတစ်မျိုးတည်းကိုသာ သောက်ပါ။
သင့်နေ့စဉ်လုပ်ငန်းဆောင်တာ အများစုမှာ မယုံနိုင်လောက်စရာ အတော်များများကို ကိုယ်တွင်းစည်းချက်နဲ့ ဆုံးဖြတ်ပါတယ်။ ဒါပေမဲ့ သင့်အိပ်စက်မှုပုံစံ မူမမှန်ရင် သင့်ကိုယ်တွင်း စည်းချက် လွဲချော်နေနိုင်ပါတယ်။ အရေးကြီးတာက မောပန်းနေတဲ့ အချိန်နဲ့ နိုးထပြီး နိုးကြားနေရမယ့် အချိန်ကို အဲဒီစည်းချက်က သိရှိပါတယ်။
ဒါပေမဲ့ သင့်ပုံမှန်လုပ်ငန်းဆောင်တာကို အခြေခံပြီးတော့ပဲ အဲဒီလို သိရှိနိုင်ပါတယ်။ သင်အိပ်ရာဝင်တဲ့အချိန် တစ်ညနဲ့တစ်ည အတော်လေး ကွဲလွဲနေရင် သင့်ခန္ဓာကိုယ်ဟာ သင့်ကိုဘယ်အချိန် အိပ်ငိုက်စေရမလဲဆိုတာ မသိရှိနိုင်တော့ပါဘူး။ နေ့စဉ် အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန် မှန်နေရင် အလွယ်တကူ အိပ်ပျော်တာကို တွေ့ရပါလိမ့်မယ်။
အားကစားပုံမှန်လုပ်သူတွေက တစ်ညတာ အကောင်းဆုံး အိပ်စက်ကြတာ အဆန်းတော့ မဟုတ်လောက်ပါ။ ဒါပေမဲ့ အများကြီး လှုပ်ရှားဖို့လည်း မလိုပါဘူး။ နေ့စဉ် ပေါ့ပါးတဲ့အားကစား မိနစ်အနည်းငယ် ပြုလုပ်ခြင်းဖြင့် တစ်ည ရှစ်နာရီ အပြည့်အဝ အိပ်စက်နိုင်ဖို့အတွက် လုံလောက်ပါတယ်။
အိပ်ချိန်နဲ့ အလွန်နီးကပ်စွာ အားကစားမလုပ်ဖို့တော့ လိုပါတယ်။ အထူးသဖြင့် ပြင်းထန်တဲ့ အားကစား လှုပ်ရှားမယ်ဆိုရင် အက်ဒရီနလင် ဟော်မုန်းထွက်ပြီး နိုးကြားမှု၊ လှုပ်ရှားဖို့အသင့်ရှိမှုတို့ ဖြစ်စေပါတယ်။ သင့်ကာယလှုပ်ရှားမှုကနေ အကောင်းဆုံး အကျိုးရလဒ် ရရှိအောင် မအိပ်မီ နာရီအနည်းငယ် အလိုမှာ ချွေးတိတ်အောင် သေချာပြုလုပ်ပါ။