For an optimal site experience, we recommend using a different browser.
Using Internet Explorer may prevent you from accessing Chubb.com, and some site features may not function as expected.

X

အားကစားနဲ့ ပတ်သက်ရင် တစ်ချို့လူတွေက ရုပ်ပိုင်းဆိုင်ရာ အရ ရုန်းကန်ကြရပါတယ်။ တစ်ချို့က ကျန်းမာစွာ စားသောက်ရန် ကြိုးစားပေမယ့် ခန္ဓာကိုယ်က ဆိုးရွားစွာ တုံ့ပြန်တာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ကောင်းဖို့အတွက် အဓိက အတားအဆီးတစ်ခုက ရုပ်ပိုင်းဆိုင်ရာ မဟုတ်ဘဲ စိတ်နဲ့ဆိုင်ပါတယ်။ တစ်နည်း ဆိုရရင် ကြံ့ခိုင်အောင်နေဖို့ စိတ်ဓာတ်မြှင့်တင်ရတာက တစ်ခါတစ်လေ အလွန်ခက်ခဲလို့ပဲ ဖြစ်ပါတယ်။ 

အထူးသဖြင့် အားကစားနဲ့ ပတ်သက်ရင် ဒါက အဖြစ်များပါတယ်။ အားကစားရုံသွားမလား၊ ဆိုဖာပေါ်မှာ Netflix ကြည့်မလားလို့ ရွေးခိုင်းရင် လူအများစုက ဆယ်ကြိမ်မေးရင် ကိုးကြိမ်မှာ ဒုတိယတစ်ခုကိုပဲ ရွေးကြပါလိမ့်မယ်။ အထူးသဖြင့် ကျန်းမာအောင် သွားလာလှုပ်ရှားမှုတွေ စတင်နေတယ်ဆိုရင် အားကစားကြောင့် ရလာမယ့် အကျိုးကျေးဇူးတစ်ခုခု မမြင်နိုင်သေးတဲ့အတွက် ဒီအချက်က ပိုမှန်ပါတယ်။

ဒါကြောင့် အားကစားလုပ်ဖို့ဖြစ်စေ၊ ကျန်းမာအောင် စားသောက်ဖို့ဖြစ်စေ သင့်ကိုယ်သင် စိတ်ဓာတ်မြှင့်တင်ဖို့ ခက်ခဲနေရင် သင်ဘာလုပ်မလဲ။ ဆိုဖာပေါ်မှထပြီး ကာယလှုပ်ရှားတာ စတင်ပြုလုပ်နိုင်အောင် သင့်ကိုယ်သင် တွန်းအားပေးဖို့ နည်းလမ်းအချို့ကို ယခုဖော်ပြလိုက်ရပါတယ်-

အားကစားကို အပိုဆောင်ရွက်ချက်အဖြစ် ပြုလုပ်ပါ

အားကစားရုံမှာ အစကတည်းက မပျော်ရွှင်ရင် အဲဒီကို တက်တက်ကြွကြွ သွားဖို့ခက်ခဲပါလိမ့်မယ်။ သင်သွားရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက ကျန်းမာစေဖို့ ဖြစ်ပါတယ်။ လုပ်ချင်တဲ့ အလုပ်တစ်ခု မဟုတ်ဘဲ မဖြစ်မနေ လုပ်ရမယ့် အလုပ်တစ်ခုလို ခံစားရပါတယ်။ အဲဒီအခါ ပုံမှန်လုပ်ရမယ့်အလုပ်လို ခံစားရပါတယ်။ ဒါဟာ လူအများစု အားကစား စလုပ်တဲ့အခါ ကြုံရတဲ့ မှားယွင်းမှု ဖြစ်ပါတယ်။

အဲဒီလို မဖြစ်အောင် ကျော်လွှားဖို့ သင်နှစ်သက်တဲ့ လှုပ်ရှားမှုတစ်ခုကို ရွေးချယ်ဖို့ ဖြစ်ပါတယ်။ အဲဒီအရာက အားကစား လှုပ်ရှားမှုကောင်းတစ်ခုလည်း ဖြစ်နေရပါမယ်။ အဲဒါက တစ်ဖက် ငါးယောက်ပါတဲ့ ဘောလုံးကန်တာ၊ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင် လေ့လာရတဲ့ လက်ဝှေ့ထိုးတာ ဒါမှမဟုတ် ညဘက်ထွက်လည်တဲ့အခါ တင့်တယ်စေမယ့် အကသင်တန်းစသည်ဖြင့် သင်စိတ်ဝင်စားတဲ့ အရာတစ်ခုခု ဖြစ်နိုင်ပါတယ်။

အဓိက အချက်က အားကစားဟာ အဲဒီလှုပ်ရှားမှုများရဲ့ အပိုဆောင်ရွက်ချက် ဖြစ်နေရုံပါပဲ။ သင်က ကျန်းမာ ကြံ့ခိုင်အောင် အပတ်စဉ် ဘောလုံးသွားကန်မှာ မဟုတ်ပါ။ သင့်သူငယ်ချင်းများနဲ့ ပျော်ပျော်ပါးပါးနေဖို့ အဲဒီလိုသွားတာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျန်းမာစေခြင်းက အပိုဆု တစ်ခုလို ဖြစ်ပါတယ်။ အရက်ဆိုင်မှာ အလွန်အကျွံ အချိန်ဖြုန်းမိရင်တော့ ကြိုးစားထားသမျှအားလုံး သဲထဲရေသွန် ဖြစ်သွားပါလိမ့်မယ်။

အနည်းငယ် ပေါင်းစပ် ဆောင်ရွက်ပါ

တစ်ခုတည်းကိုပဲ ဆောင်ရွက်နေရင် ပျင်းစရာ ကောင်းနိုင်ပါတယ်။ မနက်တိုင်း တစ်ပုံစံတည်း ပြေးနေရင် ဖြစ်စေ၊ အားကစားရုံတစ်ခုတည်းကို တစ်ပတ်သုံးကြိမ် သွားရင်ဖြစ်စေ၊ စိတ်ဓာတ်တက်ကြွမှု အလျင်အမြန် ပျောက်ဆုံးသွားပါလိမ့်မယ်။ ပေါင်းစပ်ကြည့်ခြင်းက ဘဝရဲ့ အရသာဖြစ်ပြီး သင့်အာဟာရကိုသာမက အားကစား နဲ့လည်း သက်ဆိုင်ပါတယ်။ အပတ်စဉ် ရိုးအီနေတဲ့ အစားအသောက်ကို တကယ်တော့ ဘယ်သူမှ မစားလိုကြပါဘူး။

အပြောင်းအလဲဖြစ်အောင် ပြုလုပ်လိုက်ခြင်းက အကျိုးပြုတယ်ဆိုတာ အကြောင်းရင်းများစွာ ရှိပါတယ်။ ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့ပြောရရင် အပတ်စဉ် သင်ပြေးတဲ့လမ်းကြောင်း ပြောင်းလဲရုံနဲ့ ပျင်းရိမှု မဖြစ်တော့ပါဘူး။ ဒါပေမဲ့ သင့်အတွက် ပိုကောင်းတဲ့ အချက်များလည်း ရှိပါသေးတယ်။ အားကစား တစ်မျိုးတည်းကို မကြာခဏ လှုပ်ရှားနေရင် သင့်ခန္ဓာကိုယ်ဟာ ကျင့်သားရလာပြီး ထိရောက်မှု သိပ်မရှိတော့တာမျိုး ကြုံရနိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ဟာ အရသာမရှိဘဲ ပျင်းစရာကောင်းတယ်လို ထင်ကြလေ့ ရှိပါတယ်။ ဒါပေမယ့် စုံလင်မှု မရှိရင်လည်း ပျင်းစရာ ကောင်းနေပါမယ်။ ချက်ပြုတ်ကြော်လှော်ရင်း နေ့တိုင်း စိတ်လှုပ်ရှားစရာများ ဘယ်လောက် ပြုလုပ်နိုင်တယ် ဆိုတာ ကြည့်လိုက်ပါ။ သီတင်းပတ်တိုင်း ကျန်းမာစေတဲ့ ဟင်းချက်နည်းသစ်များ စမ်းကြည့်ဖို့ သင့်ကိုယ်သင် စိန်ခေါ်ရင် သင့်အာဟာရကို များစွာနှစ်ခြိုက်လာတာကို တွေ့ရပါလိမ့်မယ်။

သင့်တော်သောအဖော်ကို ရှာပါ

လူအများအပြားက အခြားတစ်ယောက်နဲ့ အာဟာရ အတူဆင်ခြင်ဖို့ ဒါမှမဟုတ် အားကစားလုပ်ဖို့ အကြံပေးခံရပါတယ်။ အချင်းချင်း အောင်မြင်အောင် တွန်းအားပေးနိုင်တာ၊ တစ်ဦးနဲ့ တစ်ဦး ဟင်းချက်နည်းတွေ ကူရှာပေးနိုင်တာ၊ သဘောကျသော အားကစားတွေ အတူလှုပ်ရှားနိုင်တာ၊ လက်လျှော့ချင်ပြီး ချိစ်ဘာဂါတစ်လုံး သွားစားလိုတဲ့အခါ စိတ်ဓာတ်ကြံ့ခိုင်မှု ပေးနိုင်တာ စတာတွေအတွက် ဒါကစိတ်ကူးကောင်းတစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် အကူအညီတောင်းဖို့ မှန်ကန်သောလူကို ရွေးချယ်ဖို့လိုပါတယ်။ တစ်ခါတလေ လူတွေက အာဟာရ ဆင်ခြင်တာ ဒါမှမဟုတ် ကျန်းမာရေး အစီအစဉ် ဆောင်ရွက်တာတွေကို လက်လွှတ်တဲ့အခါ အခြားသူတွေ ကိုလည်း လက်လျှော့အောင် အားပေးချင် အားပေးနိုင် ပါတယ်။ အဲဒီအခါ သူတို့ဆုံးဖြတ်ချက်ကို ပိုပြီး မှန်ကန်တယ်လို့ ခံစားရစေပါတယ်။ အဲဒီလို မလုပ်တတ်သူများနဲ့ သင်တွဲမိဖို့ ဒါမှမဟုတ် သူတို့ လက်လျှော့လည်း သင်ကဘာပဲဖြစ်ဖြစ် ဆက်လုပ်မယ်လို့ သန္နိဋ္ဌာန်ချထားဖို့ လိုပါတယ်။

စိတ်ပါမှလုပ်မယ်ဆိုတာကို ရပ်တန့်ပါ

လူတိုင်းမှာ အားကစားရုံကို မသွားချင်တာဒါမှမဟုတ် နေ့လည်စာအတွက် ဟင်းရွက်သုပ် မပြုလုပ်ချင်တာ စတဲ့စိတ်အခြေအနေများ ရှိဖူးပါတယ်။ ဒါပေမဲ့ အောင်မြင်မှုအတွက် အဓိကအချက်က အဲဒီလို မဖြစ်အောင် ရှောင်ရှားရေးဖြစ်ပါတယ်။ စိတ်ပါမှ အားကစား လုပ်တာ ဒါမှမဟုတ် ကျန်းမာစွာ စားသုံးတာမျိုး ရှိမယ်ဆိုရင် ကြံ့ခိုင်ဖို့ အတော်လေး ရုန်းကန်နေရပါတော့မယ်။

ကြံ့ခိုင်မှုအတွက် စိတ်ပါရင် ပိုကောင်းပေမယ့် စိတ်ပါဖို့ လိုအပ်တယ်ဆိုတဲ့ စိတ်မျိုးကို ဖယ်ရှားပစ်ရပါမယ်။ အဲဒီလို လုပ်ဖို့ သင့်ကိုယ်သင် ဖိအားပေးရင် များသောအားဖြင့် အဲဒါကို သင်နောင်တ ရမှာ မဟုတ်ပါ။ အားကစားနဲ့ ပတ်သက်ရင် ဒီအချက်က အထူးသဖြင့် မှန်ကန်ပါတယ်။ အကြောင်းကတော့ အင်ဒေါ်ဖင် ဟော်မုန်းထွက်လာပြီး အားကစားမလုပ်ခင်ကထက် စိတ်ခံစားချက် ပိုကောင်းစေတဲ့အတွက် ဖြစ်ပါတယ်။

အစီအစဉ်ဆွဲခြင်းဆိုတာ ဒီလိုမျိုး စိတ်အခြေခံ ပျင်းရိမှုကို ရှောင်ရှားဖို့ သင့်တော်တဲ့နည်းလမ်း ဖြစ်ပါတယ်။ အပတ်စဉ် သင်ဘာကိုစားမယ်၊ ဘာအားကစားကို ဘယ်အချိန်လုပ်မယ် စတာတွေကို သီတင်းပတ်အစမှာ ဆုံးဖြတ်ပါ။ အဲဒီနည်းနဲ့ သင်တကယ်တမ်း ဒုက္ခမခံနိုင်လည်း အပြေးလေ့ကျင့်ဖို့ အပြင်ထွက်ရမယ်လို့ မိမိကိုယ်ကို သတိပေးနိုင်ပါတယ်။ အကြောင်းကတော့ စီစဉ်ထားတဲ့အတိုင်း အင်္ဂါနေ့ မွန်းလွဲ ၂ နာရီ ဖြစ်နေလို့ပါပဲ။