ကျန်းမာရေးအကြောင်းကို စဉ်းစားတဲ့အခါ ကျွန်ုပ်တို့ရဲ့စိတ်က အားကစားနဲ့ အစားအသောက်ကိုသာ ပြေးမြင်လေ့ရှိပါတယ်။ ဒါပေမယ့် အရေးပါတဲ့ နောက်အချက်တစ်ချက် ရှိပါတယ်။ ပျော်ရွှင်မှုဟာ သင့်ရဲ့စားသောက်ပုံနှင့် အားကစားလှုပ်ရှားပုံလိုပဲ သင့်အထွေထွေ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဆိုလိုတာက သင့်ပျော်ရွှင်မှု အဆင့်ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လိုက်ရင် အကျိုးကျေးဇူးများစွာ ရှိနိုင်ပါတယ်။
ပျော်ရွှင်မှုရော ကျန်းမာရေးပါ တစ်ခုနဲ့တစ်ခု သက်ရောက်မှုရှိနေပြီး အလွန်နီးကပ်စွာ ဆက်စပ်နေပါတယ်။ ဆိုလိုတာကတော့ သင်ပျော်ရွှင်မှု မရှိပါက ကျန်းမာရေး ချို့ယွင်းလာပြီး ကျန်းမာရေး မကောင်းပါကလည်း မပျော်ရွှင်နိုင်ပါ။ နောက်ဆုံးမှာ ဒီအချက်က ဘာကို ပြောနေသလဲဆိုရင် သင်အတတ်နိုင်ဆုံး ကျန်းမာလိုပါက သင့်ပျော်ရွှင်မှုအပေါ် သက်ရောက်တဲ့ အချက်များကိုသာမက အားကစားရုံမှာ တစ်ပတ်လျှင် အချိန်ဘယ်လောက်ကြာအောင် ကစားသလဲ ဆိုတဲ့အချက်ကိုပါ ကြည့်သင့်ပါတယ်။
လန်ဒန်စီးပွားရေးကျောင်းမှ မကြာသေးမီက လေ့လာမှုတစ်ခုအရ ကျန်းမာရေးဟာ တစ်စုံတစ်ယောက် ဘယ်လောက် ပျော်ရွှင်တယ် ဆိုတာကို အဆုံးအဖြတ်ပေးတဲ့ အကြီးမားဆုံး အချက်တစ်ချက် ဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ပျော်ရွှင်မှုရဲ့ မူလအစ ဆိုတဲ့ ဒီလေ့လာမှုမှာ လူတို့ရဲ့ဘဝမှာ စိတ်ကျေနပ်မှုနဲ့ အဲဒါအပေါ် သက်ရောက်တဲ့အရာတွေကို တိုင်းတာခဲ့ကြပါတယ်။
ငွေကြေးက ကျန်းမာရေးနဲ့ လူမှုဆက်ဆံရေးထက် ပျော်ရွှင်မှုအပေါ် သက်ရောက်မှု ပိုနည်းတယ်လို့ တွေ့ရှိထားပါတယ်။ ပျော်ရွှင်မှုနဲ့ ပတ်သက်ရင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အချက်များက အရေးအကြီးဆုံး ဖြစ်ပါတယ်။
အလားတူ အဲဒါကဘာကို ဆိုလိုသလဲဆိုရင် အဆင်မပြေတဲ့ ဆက်ဆံရေးများနဲ့ ကျန်းမာရေး မကောင်းမှုတို့ကြောင့် ပျော်ရွှင်မှု လျော့ပါးသွားနိုင်သလို စီးပွားရေး အခြေအနေ အပြောင်းအလဲများထက် သက်ရောက်မှု ပိုများနိုင်ပါတယ်။ အဲဒီရလဒ်တွေဟာ နိုင်ငံလေးခုရှိလူ ၂၀၀၀၀၀ ထံမှ ရရှိတဲ့ အချက်အလက်များမှာ အခြေခံထားပါတယ်။
အပြုသဘောထားက ကျန်းမာရေးအပေါ် သက်ရောက်မှုကို လေ့လာတဲ့ ထင်ရှားသော သုတေသနတစ်ခုအရ ပျော်ပျော် နေတတ်သူများက အမှန်ပင် အသက်ပိုရှည်တယ်လို့ တွေ့ရှိထားပါတယ်။ ကန်တပ်ကီတက္ကသိုလ်က သုတေသီတွေဟာ သီလရှင်များကို လေ့လာခဲ့ရာမှာ အပြုသဘောထားက ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများရှိကြောင်း ထောက်ပြနိုင်ခဲ့ပါတယ်။
၉၀ ရာခိုင်နှုန်းဝန်းကျင်ဖြစ်တဲ့ အပျော်ရွှင်ဆုံး သီလရှင်များက အသက် ၈၅ နှစ်အထိ အသက်ရှည်ကြကြောင်း တွေ့ရှိခဲ့ပါတယ်။ အပျက်သဘောထား ရှိသူများမှာ ၃၄ ရာခိုင်နှုန်းသာ ရှိတာနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ တကယ်တော့ ပျော်ရွှင်တဲ့ သီလရှင်များရဲ့ ထက်ဝက်ကျော် (၅၄ ရာခိုင်နှုန်း) ဟာ ၉၄ နှစ်ကျော် အသက်ရှည်ပြီး နှိုင်းယှဉ်သူများမှာက ၁၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ပျော်ရွှင်တဲ့ စိတ်နေသဘောထားက သင့်ကို အမှန်ပင် အသက်ပိုရှည်စေတယ်လို့ ဆိုလိုပါတယ်။
ဒါ့အပြင် ဒီလေ့လာမှုရဲ့ တွေ့ရှိချက်တွေကို ဆက်လက်သုတေသနပြုရာမှာ ပိုမိုပျော်ရွှင်တဲ့ သီလရှင်တွေက ပိုပြီးဝမ်းနည်းတတ်တဲ့ သီလရှင်တွေထက် သူငယ်ပြန်ခြင်း ဖြစ်နိုင်ခြေ တဖြည်းဖြည်း လျော့နည်းသွားပါတယ်။ သူတို့ရဲ့ အသက်ပိုရှည်တဲ့ ဘဝမှာ ကျန်းမာရေးလည်း ပိုကောင်းတယ်လို့ ဆိုလိုပါတယ်။
လေ့လာမှုများစွာအရ ပျော်ရွှင်မှုဟာ နှလုံးကျန်းမာရေးအတွက် များစွာသက်ရောက်တယ်လို့ တွေ့ရှိထားပြီး အပြုသဘောထားက ဆိုးရွားသောရောဂါများကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုလိုပါတယ်။
၂၀၀၅ ခုနှစ်က ပြုလုပ်တဲ့ လန်ဒန်တက္ကသိုလ် ကောလိပ်ရဲ့ နောက်ထပ် လေ့လာမှုတစ်ခုမှာ ပိုမိုပျော်ရွှင်သူများက သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်း ပိုနည်းကြောင်း တွေ့ရှိထားပြီး ဒီအချက်ဟာ ကျန်းမာရေး ကောင်းတဲ့လက္ခဏာများ ဖြစ်ပါတယ်။ လေ့လာမှုမှာ ပါဝင်သူတွေကို တစ်နေ့တာအတွင်း သူတို့ရဲ့ ပျော်ရွှင်မှုကို အကြိမ် ၃၀ အကဲဖြတ်ခိုင်းရာ နောက်သုံးနှစ် အကြာမှာလည်း အဲဒီအတိုင်း ပြုလုပ်စေပါတယ်။
လေ့လာမှု ပထမပိုင်းမှာ အပျော်ရွှင်ဆုံးဖြစ်တယ်လို့ ကိုယ်တိုင်အကဲဖြတ်ချက်အရ ဖော်ပြသူများက နှလုံးခုန်နှုန်း တစ်မိနစ်လျှင် ခြောက်ကြိမ်ခန့်အထိ ပိုနှေးကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။ သုံးနှစ်တာ နောက်ဆက်တွဲ လေ့လာမှုမှာ အပျော်ရွှင်ဆုံးပုဂ္ဂိုလ်များကလည်း သွေးပေါင်ချိန် အနေအထားပိုကောင်းကြပါတယ်။
ဒါ့အပြင် အလုပ်မှာ ဒေါသနှင့် စိတ်ဖိစီးမှု လျော့နည်းခံစားရသူ များက နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုနည်းကြောင်း ၂၀၁၀ ခုနှစ်က အမေရိကန်နိုင်ငံ၊ ကိုလံဘီယာ တက္ကသိုလ် ဆေးပညာဌာနမှ လေ့လာမှုတစ်ခုမှာ သုတေသီများက တွေ့ရှိခဲ့ပါတယ်။ .
ကနေဒါလူမျိုး ပါဝင်သူ ၂၀၀၀ နီးပါးကို သူတို့ရဲ့ အပြုသဘော စိတ်ခံစားချက်များကို ရမှတ် တစ်မှ ငါးအထိ ဖော်ပြဖို့ သုတေသီများက မေးမြန်းခဲ့ပါတယ်။ ဆယ်နှစ်အကြာ နောက်ဆက်တွဲ လေ့လာမှုမှာ ပိုပြီးပျော်ရွှင်ကြောင်း ကိုယ့်ကိုယ်ကိုယ် အမှတ်ပေးထားသူများက နှလုံးကျန်းမာရေး ပိုကောင်းတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ပါဝင်သူများဟာ အပြုသဘော စိတ်ခံစားချက်မှာ တစ်မှတ်စီ ပိုများတိုင်း သူတို့ရဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေမှာ ၂၂ ရာခိုင်နှုန်း လျော့နည်းသွားပါတယ်။
ပျော်ရွှင်ခြင်းက သင့်ကို ကျန်းမာရေး ပြဿနာကြီးတွေကနေ ကာကွယ်ပေးရုံသာမက အအေးမိတုပ်ကွေးစတဲ့ အသေးအဖွဲ ရောဂါများကိုလည်း လျှော့ချပေးပါတယ်။ လေ့လာမှုများအရ ပိုပြီးအပြုသဘော ဆောင်ခြင်းက သင့်ကိုယ်ခံအားစနစ်ကို အမှန်ပင် အားကောင်းစေပြီး သင့်ခန္ဓာကိုယ်က ဗိုင်းရပ်စ်များကို ကူညီတိုက်ထုတ်ပေးကာ ဒီပိုးတွေကြောင့် သင့်အပေါ် သက်ရောက်မှုကို ကန့်သတ်ပေးပါတယ်။
အမေရိကန်နိုင်ငံ၊ ကာနက်ဂျီမယ်လွန်တက္ကသိုလ်က ပြုလုပ်တဲ့ အရွယ်ရောက်ပြီးသူ ၃၅၀ ပါဝင်တဲ့ လေ့လာမှုမှာ ပျော်ရွှင်မှုက အအေးမိခြင်း ကူးစက်နိုင်ခြေအပေါ် သက်ရောက်မှုကို လေ့လာခဲ့ကြပါတယ်။ ပါဝင်သူများကို နှစ်ပတ်တာအတွင်း ခြောက်ကြိမ် ခေါ်ယူပြီး အပြုသဘော စိတ်ခံစားချက် ကိုးမျိုးကို သူတို့ဘယ်နှကြိမ် ကြုံတွေ့ခဲ့သလဲ လေ့လာပါတယ်။
ပါဝင်သူများကို အဲဒီကာလနောက်ပိုင်းမှာ အအေးမိဗိုင်းရပ်စ်နဲ့ ထိတွေ့ပေးပြီး ငါးရက်တာ ကာလအထိ သီးသန့်ထားပါတယ်။ အဲဒီလို မထိတွေ့မီက နှစ်ပတ်တာမှာ အပြုသဘော စိတ်ခံစားချက် ကိုးမျိုးကို ကြုံတွေ့ခဲ့ကြောင်း သတင်းပို့သူများက အအေးမိခြင်း ဖြစ်နိုင်ခြေ နည်းတာကို တွေ့ရှိခဲ့ပါတယ်။ ကိုယ်ခံအားစနစ်များ ပိုကောင်းလာတယ်လို့ ဆိုလိုပါတယ်။ ဒီလေ့လာမှုဟာ အလွန်အမင်း အသေးစိတ်မဟုတ်သော်လည်း အခြားသုတေသနတစ်ခုက ဒီနယ်ပယ်က ရလဒ်တွေကို ဆက်စပ်လေ့လာနေပါတယ်။
ဒီအချက်အားလုံးအရ ကျန်းမာရေးကောင်းဖို့အတွက် သင့်ရဲ့ ပျော်ရွှင်မှုအဆင့်က သက်ရောက်ကူညီနိုင်ကြောင်း ဖော်ပြပါတယ်။ ဒီအချက်ကိုမမေ့ဘဲ နေ့စဉ်ကယ်လိုရီ အသုံးပြုမှုကို လေ့လာရုံသာမက မျက်နှာမှာ အပြုံးပန်းဆင်ရင်း သင်ဘာဆောင်ရွက်နိုင်သလဲ ဆိုတာကိုပါ လေ့လာကြည့်သင့်ပါတယ်။