For an optimal site experience, we recommend using a different browser.
Using Internet Explorer may prevent you from accessing Chubb.com, and some site features may not function as expected.

X

အခုဆိုရင် စိတ်ဖိစီးမှုဟာ သင့်ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ သိရှိပြီးဖြစ်လောက်ပါတယ်။ စိတ်ဖိစီးမှု အလွန်များလာရင် ကိုယ်၊ စိတ်နှစ်ပါး ကျန်းမာရေးကို ထိခိုက်စေပြီး တစ်နေ့တာ ဘဝမှာရော၊ ရေရှည်မှာပါ သက်ရောက်မှု ရှိနိုင်ပါတယ်။

အချို့သော စိတ်ဖိစီးမှုများကို မလွှဲမရှောင်သာပေမယ့် အဲဒါတွေက သင့်အပေါ် သက်ရောက်ပုံကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ ပြီးခဲ့တဲ့ ဆောင်းပါးမှာ စိတ်ဖိစီးမှု လျှော့ချကာ သင့်အထွေထွေ ကျန်းမာရေးကို ခြုံငုံပြီး ပိုကောင်းစေမယ့် နည်းမျိုးစုံကို လေ့လာခဲ့ပါတယ်။ အဲဒီအထဲက နည်းလမ်းတစ်ခုကတော့ အားကစားလှုပ်ရှားတာ ဖြစ်ပါတယ်။

ပုံမှန်အားကစားဟာ သင့်ခန္ဓာကိုယ်မှ ရုပ်ပိုင်းဆိုင်ရာ တင်းကျပ်မှုကို ကူညီဖြေလျှော့ပေးပြီး ပျော်ရွှင်မှု၊ အနားယူမှုတို့နဲ့ ဆက်စပ်တဲ့ ဟော်မုန်း ထုတ်လုပ်မှု တိုးမြှင့်ပေးကာ စိတ်ဖိစီးမှုဖြစ်စေတဲ့ ပြဿနာ တစ်ခုခုကို ကျော်ဖြတ်သွားနိုင်အောင် အချိန်ပေးပါတယ်။

ဒါကြောင့် သင့်နိစ္စဓူဝကိစ္စများမှာ အားကစား နည်းအချို့ကို ပေါင်းစပ်ထည့်သွင်းရင် အကျိုးရှိပါတယ်။ သင့်အတွက် အဆင်ပြေတဲ့ ပေါင်းစပ်မှုကို ရှာတွေ့ဖို့ရာ လှုပ်ရှားမှု တစ်မျိုးချင်းစီ ပြောင်းလဲကြည့်ခြင်းအားဖြင့် သင့်ရည်မှန်းချက်များ အောင်မြင်နိုင်ပါတယ်။ ဒီအချက်ကို သတိပြုရင်း စိတ်ဖိစီးမှု တိုက်ဖျက်ရန်နဲ့ ပိုပြီးကျေနပ်မှု ရစေရန် အလွန်ကောင်းတဲ့ အားကစားနည်း အချို့ကို ယခုဖော်ပြလိုက်ရပါတယ်-

ယောဂလေ့ကျင့်ခန်း

ယောဂလေ့ကျင့်ခန်းဟာ စိတ်ဖိစီးမှု လျှော့ချတာနဲ့ ပတ်သက်ရင် သင်စဉ်းစားမိတဲ့ အသိသာအထင်ရှားဆုံး အားကစား အမျိုးအစား ဖြစ်နိုင်ပါတယ်။ တရားထိုင်ခြင်းနဲ့ အားကစား ရောစပ်ခြင်းဟာ သင့်ခန္ဓာကိုယ်ကို ပိုမိုသတိပြုမိရန်၊ ကြွက်သားများ ပြေလျော့ရန်နဲ့ စိတ်ကြည်လင်စေရန် ဖြစ်ပြီး တည်ငြိမ်တဲ့ အခိုက်အတန့်ကို ခံစားခွင့် ရစေပါတယ်။

သင့်ခန္ဓာကိုယ်နဲ့ သင့်လှုပ်ရှားမှုများကို အာရုံစိုက်တဲ့အခါ သင့်စိတ်ဖိစီးမှုကို ဘယ်လိုဖြေရှင်းမလဲ ပိုပြီးသိလာရာကနေ စိတ်ဖိစီးမှုရဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများကို သက်သာစေနိုင်ပါတယ်။ တစ်ချိန်တည်းမှာလည်း တင်းကျပ်မှု ဖြစ်စေတဲ့ အရာရာကို ခေတ္တမေ့ထားလိုက်ဖို့ အထူးပဲ အရေးကြီးပါတယ်။ ဒါ့အပြင် ပုံမှန် ယောဂလေ့ကျင့်ခြင်းဖြင့် ကြွက်သားအလျော့တင်း ပိုကောင်းစေနိုင်ပါတယ်။

Zumba အက

ခြေလှမ်းသွက်သွက်နဲ့ Zumba အကဟာ သင့်အတွက် ဖြေလျှော့ပေးတဲ့ အကောင်းဆုံး အားကစားတစ်မျိုးလို့ စဉ်းစားမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်စိတ်ဖိစီးမှုကို လျှော့ချပေးရာမှာ မယုံနိုင်လောက်အောင် တကယ်ပဲ ထိရောက်ပါတယ်။ အဲဒီအတွက် အဓိက အကြောင်းရင်းတစ်ခုကတော့ သင့်လှုပ်ရှားမှုများကို အာရုံစိုက်ရတဲ့အတွက် အာရုံမပျံ့လွင့်တော့ပါဘူး။ စိတ်ဖိစီးမှု ဖြစ်စေတဲ့အရာတွေကနေလည်း အာရုံလွဲသွားစေပါတယ်။

ဒါ့အပြင် ကယ်လိုရီများစွာ အသုံးပြုမိပြီး သင့်ခန္ဓာကိုယ်အတွက် တကယ်ကောင်းတဲ့ အားကစား ဖြစ်ပါတယ်။ စိတ်ခံစားမှုကောင်းစေတဲ့ အင်ဒေါ်ဖင်ဟော်မုန်း များစွာထွက်စေပါတယ်။ အိပ်ပျော်စေပြီး အထွေထွေ စိတ်ခံစားချက် ကောင်းစေပါတယ်။ Zumba အက ပုံမှန်ကခြင်းဟာ သင့်ကျန်းမာကြံ့ခိုင်ရေး ရည်မှန်းချက်များ အောင်မြင်ရေးအတွက် များစွာ ပံ့ပိုးရုံသာမက စိတ်ဖိစီးမှုလျှော့ချခြင်း၊ အထွေထွေ ကျန်းမာရေးကောင်းစေခြင်းတို့လည်း ရှိပါတယ်။ 

ပြေးခြင်း

တစ်ခါတစ်ရံမှာ အပြေးလေ့ကျင့်ပြီး နှလုံးခုန်နှုန်း မြန်လာခြင်းထက် ပိုကောင်းတာ မရှိပါဘူး။ သင့်ကိုယ်ပိုင်အချိန် အနည်းငယ် ခံစားရန်နဲ့ ကိုယ်ကာယ တင်းကျပ်မှု အားလုံး ပြေလျော့စေရန် နားကြပ်တပ်ပြီး ပလက်ဖောင်းပေါ် တက်ပြေးပါ။ အမြန်ပြေးခြင်း၊ မှန်မှန်ပြေးခြင်း သို့မဟုတ် အားစိုက်လမ်းလျှောက်ခြင်း စသည်ဖြင့် ဘယ်လိုလေ့ကျင့်သည်ဖြစ်စေ ပိုပြီးမြန်မြန် ပြေးနိုင်အောင် တွန်းအားပေးရင် ကျန်းမာရေး ပိုကောင်းစေ နိုင်ပြီး နေ့စဉ် စိတ်ဖိစီးမှုကို ပိုပြီးကောင်းမွန်စွာ ဖြေရှင်းနိုင်စေပါတယ်။ .

အပြေးလေ့ကျင့်ရင်း တစ်နေ့တာ စတင်တာ ဒါမှမဟုတ် အဆုံးသတ်လိုက်တာဟာ စိတ်အတွေးများ ရှင်းလင်းဖို့အတွက်သာမက ကာယကြံ့ခိုင်မှု ပိုကောင်းစေပြီး စိတ်ဖိစီးမှုကို ဖြေရှင်းဖို့ အသင့်တော်ဆုံး နည်းလမ်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

ရေကူးခြင်း

ရေကူးခြင်းဖြင့် ကူးခတ်တဲ့အကြိမ်ရေနဲ့ အသက်ရှူမှုကို အာရုံစိုက်နိုင်ရုံသာမက ရေထဲမှာ ရှိနေတာဟာ ရုပ်ပိုင်းဆိုင်ရာ တင်းကျပ်မှု ဖြေလျှော့ပေးတဲ့အတွက် စိတ်အခြေအနေအပေါ် သိသာတဲ့ သက်ရောက်မှု ရှိနိုင်ပါတယ်။ အနှေးကူးတာဖြစ်ဖြစ်၊ အမြန်ကူးတာဖြစ်ဖြစ် ရေကူးခြင်းရဲ့ သက်ရောက်မှုနည်းပါးတဲ့ သဘောသဘာဝအရ ထိရောက်တဲ့ အားကစားဖြစ်ပါတယ်။ ဒီအခါ ရေထဲစိမ်နေခြင်းက ပြေလျော့စေသလို နာကျင်မှုလည်း မခံစားရတော့ပါဘူး။

အေရိုးဗစ်နဲ့ Zumba အကလိုမျိုး ရေနဲ့ပတ်သက်တဲ့ အခြားအားကစားများကိုလည်း စမ်းကြည့်နိုင်ပါတယ်။ ရေထဲမှာ နေခြင်းရဲ့ အကျိုးကျေးဇူးများနဲ့အတူ ထိရောက်တဲ့ အားကစားအဖြစ် ပေါင်းစပ်နိုင်ပါတယ်။

လက်ဝှေ့ထိုးခြင်း

စိတ်ခံစားမှု ကောင်းစေပြီး စိတ်ဖိစီးမှု လျှော့ချပေးတဲ့ အားကစားမျိုးကို လိုအပ်နေရင် လက်ဝှေ့ထိုးတာကလည်း အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ ဒီအားကစားမှာ ထိန်းချုပ်မှု၊ ခွန်အားတို့နဲ့ လုံးဝသက်ဆိုင် ပါတယ်။ ပြင်းထန်ပြီး ထိရောက်တဲ့ အားကစား ဖြစ်တဲ့အတွက် ပျော်စရာအလွန်ကောင်းပါတယ်။ သင့်စိတ်ဖိစီးမှု အကြောင်းရင်းထက် အခြားအကြောင်း များကို စဉ်းစားဖို့လည်းလိုတယ်လို့ ဆိုလိုပါတယ်။

အားစိုက်ရတဲ့ အားကစားတစ်မျိုး ဖြစ်သလို ပျော့ပြောင်းမှု၊ ကြွက်သားအလျော့အတင်း၊ ညီညာစွာ လှုပ်ရှားမှုနဲ့ ဘက်ညီမှုတို့ကိုလည်း ပိုကောင်းစေပါတယ်။ ပျော်စရာကောင်းတဲ့အတွက် သင့်အားကစားကို မပျက်ကွက်အောင် အကောင်းဆုံး အားပေးနည်း ဖြစ်ပါတယ်။ ဒါ့အပြင် ထိုးခြင်း၊ ကန်ခြင်းတို့ကြောင့် သင့်ဒေါသကို အပြင်ထွက်စေပြီး စိတ်ဖိစီးမှုကို တိုက်ဖျက်ပါတယ်။

သူငယ်ချင်းများနဲ့အတူ လှုပ်ရှားသော အားကစားများ

ဘောလုံး၊ တင်းနစ်၊ ရပ်ဂ်ဘီစတဲ့ အဖွဲ့လိုက် အားကစားများက စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ နေထိုင်ကောင်းဖို့ နည်းလမ်းကောင်း ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အားကစား ဖြစ်ရုံသာမက လူမှုရေးလည်း ဝင်ဆံ့လာစေနိုင်ပါတယ်။ ဘာကြောင့် စိတ်ဖိစီးနေရတယ် ဆိုတာကို ပြောဆိုနိုင်တဲ့အတွက် တင်းကျပ်မှုများ ထွက်ပေါက်ရမယ့် နည်းလမ်းကောင်း ဖြစ်နိုင်ပါတယ်။ d.

အခြားသူတစ်ယောက်နဲ့ ဆောင်ရွက်တဲ့ အဖွဲ့လိုက်အားကစား လှုပ်ရှားမှုတွေဟာ ပြိုင်ဆိုင်မှု ပါဝင်သလို သင့်ရည်မှန်းချက်ကို မြန်မြန်ရောက်စေတဲ့ အတွက် သင့်ကိုယ်သင် ပိုအားစိုက်ရတဲ့သဘော ဖြစ်ပါတယ်။ ဒါ့အပြင် သင်နဲ့အတူလှုပ်ရှားသူကလည်း ပံ့ပိုးမှုများ ပေးနိုင်တာကြောင့် သင်အဆင်မပြေတဲ့နေ့မျိုးမှာ အဲဒီအချက်ကလည်း အရေးကြီးပါတယ်။