ဘယ်နေ့မှာမဆို ကျွန်ုပ်တို့ ကြုံတွေ့ဆောင်ရွက်သမျှ အရာတွေက ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကိုသာမက စိတ်အခြေအနေပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ ဒီနေ့ တော်တော်လေး စိတ်ဓာတ် တက်ကြွနေပေမယ့် နောက်တစ်နေ့မှာ အကြောင်းရင်း မည်မည်ရရမရှိဘဲ နည်းနည်းလောက်တောင် စိတ်မပါတာလည်း ဖြစ်နိုင်ပါတယ်။
စိတ်မပါခြင်းဖြစ်စေတဲ့ အရာအားလုံးကို ဖြေရှင်းဖို့ အမြဲတမ်းတော့ မဖြစ်နိုင်ပေမယ့် အချိန်ယူ ကျော်လွှားနိုင်တဲ့ အချို့အချက်များ ရှိပါတယ်။ ဒါပေမဲ့ စိတ်မပါတဲ့ နေ့တွေမှာ ပိုမိုလွယ်ကူစွာ တက်ကြွလာအောင် သင့်စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။
နေ့တိုင်း သင့်စိတ်အခြေအနေကို မြှင့်တင်ပေးချင်ရင် အောက်ပါ ရိုးရှင်းတဲ့ အဆင့်တွေက အမှန်ပဲ အထောက်အကူပြုပါတယ်-
အဆီ ဒါမှမဟုတ် သကြား ပါဝင်မှုများတဲ့ အစားအသောက်တွေကြောင့် တစ်ခဏအတွင်း အားအင်ပြည့်နိုင်ပြီး အပိုစွမ်းအင်တွေကြောင့် ပိုမိုပျော်ရွှင်ကာ တစ်နာရီဝန်းကျင်အထိ ထိန်းထားနိုင်ပါတယ်။ ဒါပေမယ့် သင့်စိတ် အခြေအနေက ရုတ်တရက် ကျဆင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ အားဖြည့်တဲ့ သက်ရောက်မှုများ ကုန်ဆုံးသွားတာနဲ့ စိတ်အခြေအနေကျဆင်းကာ စောစောကထက် ပိုမိုပင်ပန်းနွမ်းနယ်လာနိုင်ပါတယ်။
ကဖင်းပါသော အချိုရည်များ၊ သကြားပါသော အဆာပြေများကို စားသုံးမယ့်အစား သင့်စွမ်းအင် ပမာဏကို ချိန်ညှိပေးတဲ့ အစားအသောက်တွေကို ရွေးချယ်ပါ။ ဒါမှသာ သင့်စိတ်အခြေအနေအပေါ် ကြီးမားတဲ့ အာနိသင်ရှိလာပါမယ်။
တစ်နေ့တာလုံးမှာ ရေဓာတ်မခန်းခြောက်အောင် ရေများများသောက်ပါ။ ကဖင်းနဲ့ အယ်လ်ကိုဟော ပါတဲ့အရည်များ အလွန်အကျွံ မသောက်မိအောင်တော့ ရှောင်ပါ။ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များကိုသာမက ကစီဓာတ် ဒြပ်ပေါင်းများကိုလည်း အသေအချာ စားသုံးပါ။ အဲဒီအခါ စိတ်ပျော်ရွှင်ပြီး အားအင်ပြည့်ဝနေစေပါမယ်။
အိပ်မပျော်တဲ့ညများ လူတိုင်းရှိဖူးကြသလို အဲဒါရဲ့ အကျိုးဆက်ကိုလည်း နောက်တစ်နေ့တာလုံး ခံကြရပါတယ်။ ပင်ပန်းပြီး အာရုံစိုက်လို့ မရနိုင်ရုံသာမက သင့်စိတ်အခြေအနေကလည်း အတော်လေး ကျဆင်းပြီး စိတ်တိုလာပါတယ်။
စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကကြောင့် သင့်စိတ်ကို အတွေးနယ်မချဲ့ဘဲ ပြန်အိပ်လို့ မရအောင် ဖြစ်စေနိုင်တဲ့အတွက် အဆင်မပြေသော ညတစ်ည ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်နဲ့ ပတ်သက်လို့ ပုံမှန်အချိန်ဇယား တစ်ခုရှိရင် လိုအပ်တဲ့အိပ်ချိန်ကို ရရှိမှာသေချာပါတယ်။
အိပ်ရာဝင်ချိန်ကို မိမိဘာသာ သတ်မှတ်ကာ အဲဒီအချိန်မတိုင်မီ မိနစ် ၃၀ နဲ့ တစ်နာရီအကြား အနားယူခွင့်များစွာ ရှိနေပါစေ။ အဲဒီအခါ ပြေလျော့ပြီး အိပ်ပျော်ဖို့ အခွင့်အလမ်း ပိုများသွားပါတယ်။ နံနက်ခင်းမှာလည်း နှိုးစက်သံမြည်တာနဲ့ ပြန်အိပ်မယ့်အစား ချက်ချင်း အိပ်ရာထသင့်ပါတယ်။
အဲဒီအခါ သင့်ကိုပိုမိုကျန်းမာစေတာ၊ ပိုပြီး အိပ်ပျော်စေတာ၊ စိတ်ဓာတ်မြှင့်တင်ပေးတာတွေ ရှိလာပါမယ်။
အားကစားလှုပ်ရှားတာက သင့်ကိုပျော်ရွှင်စေတယ်လို့ ပြောကြတာက မှန်ပါတယ်။ ပုံမှန်အားကစား လှုပ်ရှားခြင်းဟာ သင့်ကိုကျန်းမာနေဖို့၊ ကိုယ်အလေးချိန် ထိန်းသိမ်းပေးဖို့၊ ပိုမိုအိပ်ပျော်စေဖို့သာမက စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေပါတယ်။
အားကစားပြုလုပ်တဲ့အခါ သင့်စိတ်အခြေအနေအပေါ် သက်ရောက်မှုရှိတဲ့ ဟော်မုန်းတွေ ထွက်လာပြီး စိတ်အားတက်ကြွမှု ဖြစ်စေပါတယ်။ စိတ်ပျက်အားလျော့တာတွေကို တိုက်ဖျက်ပေးပါတယ်။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း ဒါမှမဟုတ် အားကစားရုံသို့သွားခြင်း စတဲ့ အားကစားလှုပ်ရှားပြီးရင် ခဏတာ စိတ်အားတက်ကြွလာပါမယ်။ ဒါ့အပြင် ရေရှည်ခံတဲ့ ရလဒ်များလည်း ပေးပါတယ်။
အားကစား ပုံမှန်လှုပ်ရှားခြင်းနဲ့ မပျက်မကွက် လိုက်နာခြင်းဖြင့် သင့်စိတ်အခြေအနေကို တိုးတက်စေပြီး ကျန်းမာစေပါတယ်။
သင့်စိတ်အခြေအနေ တိုးတက်စေမယ့် အရိုးရှင်းဆုံး နည်းလမ်းတစ်ခုက အနားယူလိုက်ဖို့ ဖြစ်ပါတယ်။ အလုပ်၊ ငွေကြေး၊ မိသားစုတို့အတွက် စိုးရိမ်စရာ မလိုတဲ့အခါ ကိုယ့်ကိုယ်ကိုယ် နားချိန် ပေးလိုက်ခြင်းဖြင့် စိတ်ဖိစီးမှုများ လျော့ပါးပြီး စိတ်ခံစားမှု တိုးတက်ကောင်းမွန်လာနိုင်ပါတယ်။
လမ်းလျှောက်ခြင်း၊ ရေချိုးခြင်း၊ စာဖတ်ခြင်း ဒါမှမဟုတ် တီဗီကြည့်ခြင်းစတဲ့ နေ့စဉ် ကိုယ်နှစ်သက်တာတစ်ခုခု လုပ်ဆောင်ဖို့ သီးသန့်အချိန် သတ်မှတ်ပါ။ အဲဒါကနေ ရရှိတဲ့ ထူးခြားချက်ကို သင်အံ့သင့်သွားပါလိမ့်မယ်။